သထုံ မေ ၂၃
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်ရေသွန်းပွဲတော်ကို စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဗောဓိညောင်ပင်၌ အစဉ်အလာမပျက်ကျင်းပပြုလုပ်ရာ ပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ကုသိုလ်ယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ညောင်ရေသွန်းပွဲတော်တွင် နံနက်ပိုင်း၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခြင်းတို့ကို စေတီတော်မြတ်ကြီး ဩဝါဒါစရိယဆရာတော်ကြီးများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဘာသာရေးအသင်းအဖွဲ့များ၊ ဝတ်ရွတ်အဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့အစည်းများ၊ ရပ်ကွက်ကျေးရွာအသီးသီးတို့မှ ပြည်သူများတို့က ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ညောင်ထောက်ခြင်း၊ စေတီတော်မြတ်ကြီး၌ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကုသိုလ်ပြုဆင်နွှဲခဲ့ကြသည်။
အဆိုပါ ညောင်ရေသွန်းပွဲတော်တွင် ပြည်သူအများ စိတ်အေးချမ်းသာစွာ ညောင်ရေသွန်းနိုင်ရေးအတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် အဖြူရောင်နှလုံးသားလူမှုကူညီရေး ပရဟိတအဖွဲ့ဝင်များက ရေနှင့် ညောင်ထောက်ဝါးများ အခမဲ့လှူဒါန်းခြင်း၊ လိုအပ်သည်တို့ကိုကူညီဆောင်ရွက်ခြင်း စသည်တို့ကို ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီး အလှူအရှင်များက စားသောက်ဖွယ်ရာမျိုးစုံတို့ကို စတုဒိသာများကျွေးမွေးလှူဒါန်းခဲ့ကြသည်။
သထုံမြို့နယ်တွင် ရွှေစာရံစေတီတော်မြတ်ကြီးအပါအဝင် ရပ်ကွက်/ ကျေးရွာအသီးသီးတို့ရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများရှိ ဗောဓိညောင်ပင်တို့၌ ညောင်ရေသွန်းလောင်းခြင်း၊ စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ပြည်သူအပေါင်းတို့က ရိုးရာအစဉ်အလာမပျက် ဆင်နွှဲခဲ့ကြပြီး ပြည်သူများအေးချမ်းစွာဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)