ရန်ကုန် မေ ၂၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ နံနက် ၅ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ နံနက် (၇) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ရင်ပြင်တော်အင်္ဂါထောင့် ရောင်တော်ဖွင့်တန်ဆောင်း၌ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ သီရိလင်္ကာနိုင်ငံကန္ဒီမြို့ ဗုဒ္ဓစွယ်တော်တိုက်မှ ဧည့်သည်တော်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။
ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများက ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်အား ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြသည်။
ထို့နောက် ဥပါသကာတစ်ဦးက ကုသိုလ်တော်အတူပြုရန် နတ်၊ ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ နိုင်ငံတာ်သံဃမဟာနာယကအဖွဲ့ဝင်၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသုစိတ္တထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ခြင်းနှင့် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှမြင့်က ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများက အင်္ဂါထောင့်ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်းပူဇော်ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ဆက်လက်၍ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန် အဆောင်အယောင်များဖြင့် ဗောဓိညောင်ပင်၏ အရပ်လေးမျက်နှာ၌ နေရာယူလျက် ဇယောဟိဗုဒ္ဓဿဂါထာရွတ်ဆို၍ အစဉ်အတိုင်း ရေသွန်းလောင်းပူဇော်ခြင်း အရံယောဂီများက ဗောဓိညောင်နန်းအစချီသော ရှစ်လုံးဘွဲ့ကဗျာရွတ်ဆို၍ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ ဧည့်ပရိသတ်အပေါင်းက ဇယန္တောအစချီသည့် ဆုတောင်းပတ္တနာ (၆) ဂါထာနှင့် သွန်းကြသွန်းကြအစချီသည့် ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားပြီးနောက် ရင်ပြင်တော်အရပ်မျက်နှာအသီးသီးရှိ ဗောဓိညောင်ပင် (၅) ပင်တွင် အများပြည်သူတို့ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက တစ်နေ့တာကုသိုလ်ယူ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)