မိုင်းယောင်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြသဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်တွင် “စုပေါင်း ကာကွယ်လူကုန်ကူးမှု အန္တရာယ်”၊ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ဆက်သွယ်အကူအညီတောင်းနိုင်သော ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပြစ်ဒဏ်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ကဗျာ၊ ပန်းချီ၊ ပိုစတာနှင့် ကာတွန်းများကို ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက “လူသည် ရောင်းကုန်မဟုတ်ပါ”၊ “လူကုန်ကူးခြင်းဆိုတာ လောကသံသရာကြောက်စရာ လူကုန်ကူးမှုပပျောက်ဖို့ စာနာအသိရှိကြစို့”၊ “လူကုန်ကူးမှုဖြင့် စီးပွားမရှာခြင်း၊ လူကုန်ကူးခံရခြင်းဘေးမှ လွတ်ကင်းအောင် နေထိုင်ခြင်းတို့ဖြင့် သတိ၊ ပညာ၊ ဝီရိယတို့ကို ညီမျှစွာ ကျင့်သုံးနေထိုင်ကြပါစို့” စသည့်အကြောင်းအရာများ ပါရှိသော လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း