မွန်ပြည်နယ်ဝန်ကြီးချုပ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့်အခမ်းအနား၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် မေ ၂၃

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား မျက်နှာတော်သစ် ရောင်တော်ဖွင့်ပူဇော်ခဲ့ကြပြီး မဟာဗောဓိညောင်ပင်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲ အခမ်းအနားကို မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး၊ အနောက်ဘက်မုခ်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ရန် မဟာဗောဓိပင် အရပ်လေးမျက်နှာတွင် နေရာယူခဲ့ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဝတ်အသင်းအဖွဲ့များက နဂါး၊ ဂဠုန်၊နတ်၊ ဗြဟ္မာ၊အပေါင်း တို့အား ညောင်ရေသွန်းလောင်း ကြွေးကြော်သံ ဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရေများ ပက်ဖြန်းပူဇော် ညောင်ရေသွန်းလောင်းခဲ့ကြကာ ဆုတောင်းပတ္တနာပြု ကဗျာများ ရွတ်ဆိုပူဇော်ခြင်း၊ ဇယန္တော ဗောဓိယာ အောင်ဂါထာကို ရွတ်ဆိုပူဇော်ခြင်းတို့ ဆောင်ရွက်၍ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို  မော်လမြိုင်မြို့၊ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက သံဃာတော်(၃၁၅)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့သည် မော်လမြိုင်မြို့၊ သမိုင်းဝင် (လေးကျွန်းသစ္စာရှင်) နဂါးမောက် စေတီတော်မြတ်ကြီးသို့ ရောက်ရှိခဲ့ကြပြီး စေတီတော်မြတ်ကြီးကို ဖူးမြှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများက ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ သမိုင်းဝင် (လေးကျွန်းသစ္စာရှင်) နဂါးမောက် စေတီတော်မြတ်ကြီး၊ ရင်ပြင်တော်ပေါ်ရှိ ရှေးသူတော်ကောင်းများ စိုက်ပျိုးပူဇော်ထားသော ဗောဓိညောင်ပင်အား ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်၍အခမ်းအနားဖွင့်လှစ်ပြီး မင်္ဂလာဆိုင်းဝိုင်းနှင့် ထူးမခြားနားရောင်ခြည်တော်ဘွဲ့ ဖြင့် သီဆိုပူဇော်ခဲ့သည်။

ယင်းနောက် ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ)၊ ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညို၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်ဥက္ကဋ္ဌ ဆရာတော်အမှူးရှိသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတာရာမစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယက ဆရာတော် (ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)၊ ဘဒ္ဒန္တသာသန အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်မြတ်ကို နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်ပူဇော်ပြီး ဗောဓိညောင်ပင်အား ဘုရားဂုဏ်တော်အာရုံပြု၍နံသာရေသွန်း လောင်း ပူဇော်၍ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်ရှင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရေများ ပက်ဖြန်းပူဇော်၍ ညောင်ရေသွန်းလောင်းခဲ့ကြပြီး ကျိုက်သလ္လံစေတီတော်မြတ်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြှော်ကြည်ညို၍ ဘုရားရင်ပြင်တော်အတွင်း ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေမှုများကို လှည့်လည်ကြည်ရှုခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)