မိတ္ထီလာ မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက်က မိတ္ထီလာ-ကျောက်ပန်းတောင်း သွားကားလမ်းဘေး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအနီးတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်တို့က ၎င်းဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG မှ Grade 12 အထိ တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များအား ပေးအပ်ခဲ့သည်။
၂၀၂၄-၂၀၂၅ပညာသင်နှစ် မိတ္ထီလာမြို့နယ်တွင် အထက်တန်းကျောင်း ၁၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၄ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၃ ကျောင်း၊ အခြေခံမူလတန်းလွန်ကျောင်း ၁၅ ကျောင်း၊ အခြေခံမူလတန်းကျောင်း ၁၉၃ ကျောင်း၊ အခြေခံမူလတန်းကျောင်းခွဲ ၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်း ၁၉ ကျောင်းရှိပြီး အဆိုပါ အခြေခံပညာကျောင်း များတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)