ချင်းရွှေဟော် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၀)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ ညနေ(၄)နာရီအချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၉၀)ဦးမှာ အမျိုးသား(၆၃)ဦး၊ အမျိုးသမီး(၂၇)ဦးတို့ဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီးမှ(၁၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၁၂)ဦး၊ ကချင်ပြည်နယ်မှ (၃)ဦး၊ ရှမ်းပြည်နယ်မှ (၁၃)ဦး၊ ရခိုင်ပြည်နယ်မှ (၃၃)ဦးနှင့် နေပြည်တော်မှ(၂)ဦး တို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ၎င်းတို့၏ ဓါတ်ခွဲနမူနာများအားရယူပြီး မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ပိုးမတွေ့ရှိကြောင်း သိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ဆက်လက်၍ စနစ်တကျစီစဉ်ပြီး လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)