ဘီးလင်း မေ ၂၂
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (Book Club)အဖွဲ့ဝင်ဦးမင်းဦးက “လူငယ်နှင့်ကျော်ကြားမှု ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင်ဒေါ်မြတ်နန်းအိမ်က “လူငယ်နှင့်ပရဟိတစိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင်ဒေါ်ခင်သူဇာက “လူငယ်နှင့်ခရီးသွားခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ စာဖတ်သည့်အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)