တံတားဦး၊ နိုဝင်ဘာ ၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပပြုလုပ် ခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာနိုင်ရေးအတွက် လွှတ်တော် အသီးသီးတွင် အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီရရှိသော ခိုင်လုံမဲများ ပြုစု ထားသော ပုံစံ (၁၉)နှင့် ပုံစံ(၁၉-က) စာရင်းများကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ်ရေးထိုးအတည်ပြုကြသည် ။
လက်မှတ်ရေးထိုးရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၂)ဦး၊ လွှတ်တော်ကိုယ်စားလှယ်လောင်း(သို့မဟုတ်) ရွေးကောက်ပွဲကိုယ်စားလှယ်များ အသိသက်သေများ စုစုပေါင်း(၁၂)ဦးက ရွေးကောက်ပွဲမဲရလဒ်များကို အတည်ပြုလက်မှတ်ရေးထိုးကြသည် ။
မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါ်ထွေးထွေးညွန့်က “ပုံစံ(၁၉)သည် လွှတ်တော် သုံးရပ်ဖြစ်သော ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ ဖြစ်ပြီး ပုံစံ(၁၉-က)သည် တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦးချင်းရရှိသော ခိုင်လုံမဲများကို ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အတည်ပြု လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း” ပြောကြားသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)