မော်လမြိုင် မေ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မော်လမြိုင်ခရိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ချေးပေးနေလျက်ရှိသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာဒေါ်စောစန္ဒာဝင်းက တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး မော်လမြိုင်မြို့နယ်ကြာအင်းကျေးရွာနှင့် မင်းရွာကျေးရွာမှ မိုးစိုက်ပျိုးစရိတ်ချေးငွေကြွေးကျေပြေ တောင်သူ(၂၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၀၅)ဧကအတွက် ငွေကျပ်(၁၅၇.၅၀)သိန်းတို့ကို မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေတောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလ ၂၀ ရက်နေ့မှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေးဆပ်ပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးဧက(၄၉၃၆)၊ ချေးငွေကျပ်(၇၄၀၄)သိန်းကို ထုက်ချေးပေးထားရန် လျာထားပြီးဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဒေါ်စောစန္ဒာဝင်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)