ကျောက်ပန်းတောင်းမြို့နယ် ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မကွေးတိုင်းဒေသကြီးဘက်မှ အဝင်ဖြစ်သည့် ကောင်းမွန်းတိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် စစ်ဆေး လျက်ရှိရာ၊ ယနေ့ မွန်းလွဲ(၁:၄၅)နာရီခန့်က ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရသဖြင့် ကျောက်ပန်တောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ ကောင်းမွန်တိုးဂိတ်အနီးရှိ ယာယီစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်(၃၂)စီးမှ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက် (၅၂) ဦးတို့အား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာလာသည့် ယာဉ်အမှတ် 3D-……….ကုန်တင်ယာဉ်မှ၊ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာနေသူ ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့်၊ အဆိုပါပိုးတွေ့လူနာအား ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ဆေးကုသမှုခံယူစေပြီး၊ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက် စပ်ခဲ့သူ ယာဉ်မောင်းဖြစ်သူအား ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Center သို့ ပို့ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)