သထုံ မေ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများပူးပေါင်းကာ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဘူတာလမ်းရှိ သုခမိန်ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်ကော်မတီပြန်လည်ဖွဲ့စည်းရေး ပျက်စီးနေသည့်အဆောက်အဦ အစိတ်အပိုင်းများ ပြင်ဆင်နိုင်ရေး၊ စာအုပ်စာစောင်နှင့် စာကြည့်တိုက်ပရိဘောဂများ ဖြည့်တင်းနိုင်ရေးနှင့် အောက်ကျင်းရပ်ကွက်၌ စာကြည့်တိုက်အသစ်တည်ဆောင်နိုင်ရေးအတွက် မြေနေရာတိုင်းတာစစ်ဆေးခြင်း၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)