ရန်ကုန် မေ ၂၂
အခမ်းအနားတစ်ခုကို အဆင်ပြေချောမွေ့စွာ၊ စနစ်တကျအောင်မြင်ပြီးမြောက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အခမ်းအနားမှူးသင်တန်း(အခမဲ့)ဖွင့်ပွဲကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲတွင် ကမာရွတ်ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီးနီးအေးက အခမ်းအနားဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်ပွဲ၌ အခမ်းအနားအမျိုးအစားများ၊ အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းများ၊ ကြိုတင်ပြင်ဆင်မှု၊ ဆောင်ရန်၊ ရှောင်ရန်များ၊ သဒ္ဒါအသုံးအနှုန်း၊ စကားအသုံးအနှုန်းများ၊ အသံ၏ဆွဲဆောင်မှုရှိစေရန် အသံအနေအထားများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကမာရွတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ သင်တန်းသားများအတွက် စာရေးကိရိယာများထောက်ပံ့ခြင်း၊ ဗဟန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ သင်တန်းသားများအတွက် စာရေးကိရိယာများ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို နံနက် ၁၀ နာရီခွဲမှ ညနေ ၃ နာရီအထိ (၅) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)