ကျောက်ဆည်မြို့တွင်  ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit စနစ်ဖြင့် ကိုဗစ်ရောဂါပိုးကူးစက်မှု ရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယနေ့အချိန်အထိ ပိုးတွေ့လူနာ(၅)ဦးရှိသွားပြီဖြစ်

​ကျောက်ဆည်၊ နိုင်ဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး မြို့ရှောင်လမ်းထိပ်တွင် အောက်တိုဘာလ(၁၁)ရက်နေ့မှစတင်ပြီး မြို့နယ်အတွင်း ဝင်ရောက်ဖြတ် သန်းခဲ့သည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅)ဦး ရှိကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အထက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီးမှ ကုန်ပစ္စည်းများတင်ဆောင်ပြီး ကျောက်ဆည်မြို့သို့ ဖြတ်သန်းကာ ဒေသအသီးသီးသို့ သွားရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ ရဲဝင်းနိုင်၊ ဒေါက်တာ ယဉ်မင်းမင်းစိန်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေးရာတွင် အောက်တိုဘာလ(၂၅)ရက်၊ နိုဝင်ဘာလ(၃)ရက်နေ့နှင့်(၅)ရက်နေ့များတွင် စစ်ဆေးခဲ့သူများမှ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ(၅)ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ရောဂါပိုးမရှိကြောင်း ဆေးထောက်ခံစာမပြနိုင်သူများအား စစ်ဆေးခဲ့ပြီး ဆေးထောက်ခံစာပြနိုင်သည့် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအား မိမိတို့သွားလိုရာ ဒေသအသီးသီးသို့ သွားလာခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)