မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးရွာတချို့တွင် ယက္ကန်းဖြင့်ရက်လုပ်သော ပိုးထည်ချည်ထည်ရက်လုပ်သောလုပ်ငန်း အဆင်ပြေ

မတ္တရာ မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျေးရွာတချို့တွင် လက်မှုလုပ်ငန်းတစ်ခုဖြစ်သော ယက္ကန်းခတ်သည့်လုပ်ငန်းဖြင့် ပိုးထည်ချည်ထည်ရက်လုပ်ရောင်းချခြင်းမှ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်၏ အဓိကစိုက်ပျိုးရေးနှင့် စီးပွားရေးမှာ စပါး၊ ပဲအမျိုးမျိုး၊ ကွမ်း၊ ကွမ်းသီး၊ မာလကာသီး၊ အခြားသီးနှံများစိုက်ပျိုးခြင်းနှင့် အဝတ်အထည်ရက်လုပ်သည့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများထဲမှ မိရိုးဖလာလက်မှုပညာရပ်တစ်ခုဖြစ်သည့် ယက္ကန်းဖြင့်ရက်လုပ်သော ပိုးထည်ချည်ထည်လုပ်ငန်းမှာလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“လူမှာအဝတ်၊ ‌တောင်းမှာအကွတ်”ဆိုသည့် စကားပုံအတိုင်း သူ့နေရာနှင့်သူဝတ်စားတတ်ဖို့ လိုအပ်ပေသည်။ ထို့ကြောင့် အလှူမင်္ဂလာဆောင်အခမ်းအနားများ၊ ကုသိုလ်ရေးအတွက် ဘုရားသွားကျောင်းတက်ရာတွင်လည်းကောင်း၊ မွေးနေ့အခမ်းအနားများနှင့် ပွဲတက်အစီအစဉ်များတွင် လိုက်ဖက်သင့်တော်သည့် ပိုးထည်ချည်ထည်များကို ဝတ်ဆင်ကြသည်မှာ အမှန်ပင်ဖြစ်ပေသည်။ ထို့ကြောင့် စျေးကွက်တွင် ရောင်းအားကောင်းလျက်ရှိပြီး ပိုးထည်နှင့်ချည်ထည်များ ရက်လုပ်သောလုပ်ကိုင်သူများ ဝင်ငွေပုံမှန်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်