သထုံ မေ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို ယနေ့ နံနက်က သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာလာရောက် ထုတ်ယူလျက်ရှိကြောင်းသိရသည်။
ချေးငွေထုတ်ပေးရာတွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံမန်နေဂျာ ဦးရဲထွန်း၊ လက်ထောက်မန်နေဂျာ ဦးဇော်လေးတို့က ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အကျေပြန်လည်ပေးဆပ်ကြရေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါနေ့တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့်ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံးအကျေပြန်လည်ပေးဆပ်ခဲ့သည့် ဓနုကတိုက်ကျေးရွာမှ တောင်သူ ၄၁ ဦးတို့၏ စိုက်ဧက ၃၆၀ ဧကအတွက် ချေးငွေကျပ် ၅၄,၀၀၀,၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။
စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ ၇ အမည်ပေါက် ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့်မိုးစပါးချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင်အများဆုံး ၁၀ ဧက အထိ ထုတ်ချေးပေးခြင်းဖြစ်သည်။
သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အကျေပြန်လည်ဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၂ အုပ်စုမှ တောင်သူ ၃၁၅၂ ဦးတို့၏ မိုးစပါးစိုက် ဧကပေါင်း ၂၈၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၄၂,၀၀၀ ခန့်အား မေလ ၂၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန်လျာထားကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ခရိုင်ပြန်/ဆက်