ကလောမြို့နယ်၌ မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကလော မေ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မေလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၆ အုပ်စုနှင့် ပင်လောင်းမြို့ ကျေးရွာအုပ်စု ၇ အုပ်စုရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်နော်ခင်ထွေးမြင့်က စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးချေးငွေနှင့်ပတ်သက်၍ ညွှန်ကြားချက်နှင့် စည်းကမ်းချက်များအကြောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် ယခင်နှစ် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ် မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးထုတ်ချေးငွေ (၁၁၆၇၁၁.၅၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကလောမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု(၂၃)အုပ်စုကို (၁၁၆၇၁.၅၀)သိန်း ထုတ်ချေးရန် လျာထားပါကြောင်း၊ ယနေ့မေလ(၂၀)ရက်နေ့တွင်၊ ကလောမြို့နယ်ရှိ လယ်ကြားကျေးရွာအုပ်စုရှိ တောင်သူ ၆၇ ဦး၊ လမိုင်းကျေးရွာအုပ်စုရှိ တောင်သူ ၈၀ ဦး၊ စုစုပေါင်း ၁၄၇ ဦးကို မိုးစပါးနှင့်အခြားသီးနှံများအတွက် (၁၀၇၈)သိန်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ရက်သက်မှတ်၍ အလှည့်ကျထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်နော်ခင်ထွေးမြင့်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)