ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးမွေးမြးရေးအထက်ကျောင်း စာသင်ဆောင်သစ်အဆောက်အုံ၊ ကျေးရွာချင်းဆက်လမ်းများနှင့် ဟဲလုံခေတ်မီစံပြကျေးရွာ အလင်းသစ်စာကြည့်တိုက်နှင့် မိုးကောင်းမြို့ရွှေအိုးစည် ဆန်စက်များ ဖွင့်လှစ်ပေး

မိုးညှင်း ဧပြီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေးအတွက် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက် နံနက်ပိုင်းမှစတင်၍ မိုးညှင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မိုးညှင်းမြို့အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားသွားမည့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း နှစ်ထပ်စာသင်ဆောင်နှင့် သုံးထပ်စာသင်ဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စာသင်ဆောင်သစ်များအတွင်း ဘာသာရပ်များအလိုက် ဖွင့်လှစ်သင်ကြားနိုင်ရေး စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများ ကြိုတင်ပြင်ဆင်၍ စုဆောင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကာ ကျောင်းအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် အင်ကြင်းကုန်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ယူ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃၃၀ ဒဿမ ၃၀၀) သန်းဖြင့် ဆောင်ရွက်ပေးခဲ့သော (၄ ဒဿမ ၆၉) မိုင်အရှည် (၁၆) ပေအကျယ်ရှိ အင်းကြင်းကုန်း ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ လမ်းသစ်အား ဒေသခံပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ဆက်လက်၍ အင်ကြင်းကုန်းကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်၏ မွေးနေ့မင်္ဂလာအခမ်း အနားအတွက် ဆရာတော်အား အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာရှမ်းအကတွင် ပါဝင်ဆင်နွှဲခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်ကြင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၃၁၉)၊ မိုးဒါးစုကွင်းအတွင်း မိုးစပါးနှင့် အခြားသီးနှံစိုက်ဧရိယာ စုစုပေါင်းဧက (၅၀၀) ကျော်အတွင်းရှိ တောင်သူများလယ်အတွင်း တောင်သူအသိပညာပေး နွေထယ်ရေးပြင်ဆင်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေများနှင့် တစ်ဧကအထွက်နှုန်းရရှိမှု အခြေအနေများနှင့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များနှင့် တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြကာ သီးထပ်စိုက်ပျိုးမှု တိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကွင်းအတွင်းရှိ တောင်သူများအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့် ဆင်းဧကရီ -၃ မျိုးစပါးများ၊ ပဲပုပ်၊ ပိုက်ဆံလျှော်မျိုးစေ့များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လယ်ကွင်းအတွင်း လယ်ထွန်စက်ဖြင့် ထွန်ယက်နေမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မိုးညှင်းမြို့နယ် အုတ်ကျင်း-အောင်ချမ်းသာ-စက်ကုန်း-ဟဲလုံလမ်းမကြီး အရှည်ပေ(၈,၁၀၀)ရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ ကျေးရွာ ရပ်မိ/ရပ်ဖများ၊ ဒေသခံရှမ်းတိုင်းရင်းသားများက ရိုးရာအတီးအမှုတ်၊ အကအလှများဖြင့် ကြိုဆိုကြသည်။

ဆက်လက်၍ လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်ကြသည့် ရှမ်းတိုင်းရင်းရိုးရာ အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြကာ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဟဲလုံခေတ်မီစံပြကျေးရွာအတွင်းရှိ တောင်သူဦးရွှေအောင်၏ နေအိမ်ခြံဝင်းအတွင်း သခွားပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို လည်းကောင်း၊ တောင်သူဒေါ်မွန်းအောင်၏ နေအိမ်ခြံဝင်းအတွင်း ဖရုံသီးနှင့် ခဝဲသီးပင်များ စိုက်ပျိုးထားရှိမှုကို လည်းကောင်း၊ တောင်သူ ဒေါ်ခမ်းညွှန်၏ နေအိမ်ခြံဝင်းအတွင်း ပဲလင်းမြွေသီးပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုများအား လည်းကောင်း၊ တောင်သူဒေါ်စုခိုင်ခြံဝင်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် စွန်ထန်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကာ လိုအပ်သည့် နည်းပညာနှင့် အထွက်ကောင်းမျိုးများ ပံ့ပိုးပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် အဆိုပါဟဲလုံကျေးရွာအတွင်း အိမ်ခြေ (၃၀၀)ကျော်၊ လူဦးရေ (၁၄၀၀)ဦးတို့အတွက် ခေတ်မီစံပြကျေးရွာစီမံကိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သော (၂၀ ပေ ×၂၀ ပေ × ၁၂ ပေ)ရှိ RC အမျိုးအစား အလင်းသစ်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ စာကြည့်တိုက်အဆောက်အအုံသစ်ဝင်းအတွင်း အဆိုပါဟဲလုံကျေးရွာအတွက်ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ၊ ခေတ်မီစံပြကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓာတ်ပုံများနှင့် စာကြည့်တိုက်သစ်အတွင်း ပရိဘောဂ၊ သုရ/ ရသစာအုပ်စာပေများ စုဆောင်းထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအတွက်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ကာ ဖွင့်လှစ်အခမ်းအနား တက်ရောက်လာကြသည့် ဒေသခံရှမ်းတိုင်းရင်းသား အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်း နို့စားနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသည့် နေအိမ်များသို့ သွားရောက်ပြီး နို့စားနွားများမွေးမြူထားရှိမှု နွားနို့ဈေးကွက်ရရှိမှုနှင့် နွားစာအဖြစ် နေဗွီယာမြက်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမတည်ငွေများ ထောက်ပံ့ပေးနိုင်ရေးအတို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် အဆိုပါကျေးရွာခန်းမဆောင်၌ နို့စားနွားမွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် အဆိုပါကျေးရွာမှ School Milk Program အစီအစဉ်ဖြင့် ကျောင်းသားကလေးများအတွက် နွားနို့တိုက်ကျွေးမှု အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများနှင့် ကျေးရွာအတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်က နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအစုအဖွဲ့ဖြင့် နိုင်ငံ့စီးပွားရန်ပုံငွေမှ မတည်ပေးနိုင်ရေးနှင့် နို့နှင့်နို့ထွက်ပစ္စည်းများစားသုံးမှု လိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်နိုင်ရေး ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ ဒေသခံမွေးမြူရေး လုပ်ငန်းရှင်များအတွက် ခြံဖျန်းပိုးသတ်ဆေးများ၊ မွေးမြူရေးအထောက်အကူပြု ဆေးဝါးပစ္စည်းများနှင့် အစာအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် မိုးညှင်းမြို့သို့ ပြန်လည်ရောက်ရှိပြီး မြို့နယ်သမဝါယမအသင်းပိုင်ဝင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသတွင်းဆီထွက်သီးနှံ စိုက်ပျိုးရေးထွက်ကုန်များအတွက် ကြိတ်ခွဲဆောင်ရွက်ပေးလျက်ရှိသည့် ဆီစက်လည်ပတ်ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သမဝါယမအသင်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့နောက် မိုးညှင်းမြို့ မြို့မရပ်ကွက် နတ်ကြီးကုန်းအတွင်း ရပ်မိ/ ရပ်ဖများနှင့်အတူ အုတ်ကျင်း-နတ်ကြီးကုန်းရပ်ကွက်ချင်းဆက် နန့်ရင်းချောင်းကူး သံဘောင်ဘေလီတံတားအား သံကူကွန်ကရစ်တံတားသစ် တည်ဆောက်ပေးနိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ တံတားသစ်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး တွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာများအားမှာကြားကာ ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် မရင်းကုန်းကျေးရွာအဝင်၌ ရွာတွင်းလမ်းခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး တင်ပြတောင်းဆိုမှုကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေချထားပေးနိုင်ရေးဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် မိုးကောင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပြီးပြီး မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်း မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင် ဆန်စက်သစ် ဖွင့်ပွဲအခမ်းအနားသို့တက် ရောက်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်မြင့်မားရေးအတွက် သွင်းအားစုများ၊ မတည်ရန်ပုံငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချထားဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်အမီ မိုးညှင်းခရိုင်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအတွက် အထွက်နှုန်းကောင်းသည့် GW-11 မျိုးစပါးများကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ထွက်ရှိသည့်ဆန်စပါးများကို ကြိတ်ခွဲနိုင်ရေး ယနေ့မိုးကောင်းမြို့နယ်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ရက်လျှင် တန်(၂၀)ကျဆန်စက်သစ်ကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် များစွာဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် သန်း(၅၀)ပံ့ပိုးမတည်မှုဖြင့် မြို့နယ်သမဝါယမ အသင်းစုလီမိတက်ပိုင် ရွှေအိုးစည်ဆန်စက်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆန်စက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဆန်စက်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြပြီး ဆန်စက်စတင်လည်ပတ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆန်စက်ဖွင့်ပွဲတွင် ပါဝင်ခဲ့ကြသည့် တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)