တောင်ဥက္ကလာပမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ‌ ဆန္ဒမဲပေး

တောင်ဥက္ကလာပ  နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်‌‌တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆နာရီ အချိန်ကစတင်ကာရပ်ကွက်များအလိုက် သတ်မှတ်မဲရုံအသီးသီး တို့တွင် ဆန္ဒမဲပေးခြင်းများကို ကျင်းပဆောင်ရွက်နေပြီဖြစ်သည်။

အဆိုပါဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ရေးနှင့်အညီ နှာ‌ခေါင်းစည်း (Mask)များပေးဝေခြင်း၊ မျက်နှာကာ Face Shield များပေးဝေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊Social Distancing နှင့်အညီစနစ်တကျမဲရုံအပြင်တွင်တန်းစီ စောင့်ဆိုင်းခြင်းနှင့် မဲရုံအတွင်းတွင်လည်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများကဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။

တောင်ဥက္ကလာပမြို့နယ်ရှိရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်၌မဲဆန္ဒရှင်ပြည်သူ(၁၃၆၀၀၀)ကျော်ရှိပြီးမဲရုံပေါင်း (၁၂၄)ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ အဆင်ပြေ ချောမွေ့စွာနှင့် စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)