မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း  ​ချောင်းဆုံမြို့နယ်၊ အခြေခံပညာစာသင်ကျောင်းများရှိ စာသင်​ကျောင်း​ဆောင်များ ပြန်လည်ပြုပြင်နိုင်​ရေး ကြည့်ရှုစစ်​ဆေး၊ ဆံ​တော်ရှင် ကျိုက်တ​မော့လဲ့ ​စေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို

မော်လမြိုင် ​မေ ၂၀

မွန်ပြည်နယ်အတွင်း အ​ခြေခံပညာစာသင်​ကျောင်းများတွင် ​ကျောင်းသူ​ကျောင်းသားများ အဆင်ပြေ​ချော​မွေ့စွာ သင်ကြားနိုင်​ရေးအတွက် လိုအပ်သည့်ကျောင်း​ဆောင်သစ်များ တည်ဆောက်ခြင်း၊ ပြုပြင်ဆောင်ရွက်ခြင်းနှင့် သင်​ထောက်ကူပစ္စည်းများ ​​ထောက်ပံ့​ပေးခြင်းဖြင့် အဖက်ဖက်မှဖြည့်ဆည်း​ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ​ယမန်နေ့ မွန်းလွဲပိုင်းက ​ချောင်းဆုံမြို့နယ်၊ ဖံဖ​ကျေးရွာအုပ်စု၊ ထန်းပင်ကုန်း​ကျေးရွာ အ​ခြေခံပညာမူလတန်းကျောင်း၌ ​​ကျောင်းဖွင့်ရာသီတွင် ကျောင်းသူ၊ ​ကျောင်းသားများ ​စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေးအတွက် စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့သည်။

ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများ၊ ​စေတနာရှင်အလှူရှင်များနှင့်​တွေ့ဆုံ၍ ပျက်စီးယိုးယွင်း​နေ​သော စာသင်​ကျောင်း​ဆောင်ရှိ အမိုး၊ အကာများအား ​ကျောင်းဖွင့်ချိန်မတိုင်မီ အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်​ရေး၊ စာသင်ခုံများ ဖြည့်ဆည်း​ပေးနိုင်​ရေးအတွက် လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ​ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်​ကျေးရွာအုပ်စု၊ ကွမ်တကဲကျေးရွာ အ​ခြေခံပညာ​မူလတန်း​ကျောင်းသို့​ရောက်ရှိခဲ့ပြီး ​စာ​သင်​ကျောင်းဆောင်များ၏ အ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသူ၊ ကျောင်းသားများ  တစ်ဆင့်ပြီးတစ်ဆင့် ပညာဆက်လက်သင်ယူနိုင်​ကြ​စေရန်နှင့် စိတ်​အေးချမ်းသာစွာ ပညာသင်ကြားနိုင်​ကြ​စေရန် ဝိုင်းဝန်းဆောင်ရွက်​ပေးကြရန်ဖြင့် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်း​ဆောင်ကြမ်းခင်းများ ပြန်လည်ပြုပြင်နိုင်ရေး၊ စာသင်ခုံ၊ စာသင်စားပွဲများနှင့် သင်​ထောက်ကူပစ္စည်းများ ​​ထောက်ပံ့​​ပေးနိုင်​ရေး ​ပေါင်းစပ်ညှိနှိုင်း​၍ ကွမ်တကဲ​ကျေးရွာ အ​ခြေခံပညာမူလတန်းကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ​ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်​ကျေးရွာ၊ ဆံ​တော်ရှင်ကျိုက်တမော့လဲ့ ​စေတီ​တော်မြတ်ကြီးကို ဖူး​မြှော်ကြည်ညိုခဲ့ပြီး စေတီ​တော်မြတ်ကြီး ​​ဆောင်းတန်းရှိ သန္တိမုခဝတ်​တော်ကြီးနှင့် သာသနိကအ​ဆောက်အဦအချို့ ဘက်စုံမွမ်းမံပြုပြင်နိုင်ရေး ​ကြည့်ရှုခဲ့ပြီး ​စေတီ​တော်မြတ်ကြီးကို လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)