မော်လမြိုင် မေ ၂၀
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်းနှင့်မွန်သမိုင်းတန်း စာမေးပွဲအခမ်းအနားကို ယမန်နေ့လယ်ပိုင်းက မော်လမြိုင်မြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မွန်အမျိုးသားအလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေသင်ကြားရေးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအသင်း (ဥက္ကဋ္ဌ)ဆရာတော်မှ သြဝါဒချီးမြှင့်ပြီး စာမေးပွဲဖြေဆိုမည့် ဘာသာအလိုက် မေးခွန်းများအား စာမေးပွဲ ကျင်းပရေးနာယကဆရာတော်ထံ ဆက်ကပ်ခဲ့သည်။
အဆိုပါစာမေးပွဲကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ မော်လမြိုင်မြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် ပေါင်မြို့၊ သထုံမြို့၊ ပဲခူးမြို့၊ ဘားအံမြို့၊ လှိုင်ဘွဲးမြို့၊ ကော့ရိတ်မြို့နှင့် ကျိုက်မရောမြို့နယ်တို့မှ ဖြေဆိုသူ (၁၁၈၇)ဦး၊ သံဖြူဇရပ်မြို့ (ဟံသာထော)ဘုန်းတော်ကြီးကျောင်းတွင် မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့တို့မှ ဖြေဆိုသူ (၁၂၄၇)ဦး၊ ရေးမြို့နယ် (ကိုရင်လေကျောင်း)တွင် လမိုင်းမြို့နှင့်ရေးဖြူမြို့တို့မှ ဖြေဆိုသူ (၈၆၆)ဦး၊ တနင်္သာရီတိုင်း (ကျောက်တောင်ကျောင်း)တွင် ဖြေဆိုသူ(၄၄)ဦး စုစုပေါင်း (၃၃၄၄)ဦး စာရင်းတင်ထားကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ငွေရတု (၂၅) ကြိမ်မြောက် မွန်အဘိဓမ္မာတန်း နှင့်မွန်သမိုင်းတန်း စာမေးပွဲကို မေလ(၁၉)ရက်မှ (၂၅)ရက်အထိ နေ့လယ်(၁၂)နာရီမှ ညနေ(၃)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို မေလ(၂၆)ရက်နေ့တွင် သံဖြူဇရပ်မြို့၊ (ဟံသာထော)ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)