ရန်ကုန် နိုဝင်ဘာ ၈
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက်ယာဉ် လမ်း၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်းနှင့် လက်ရှိအချိန်ထိ ကားကူးဇက်ရေယာဉ် ၁ စီးဖြင့်သာ ကုန်စည်နှင့် မော်တော်ယာဉ်များ အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ နှင့် ၉ ရက်နေ့တွင် နေ့လည် ၁၂ နာရီမှ ည ၇ နာရီအချိန်ထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ နောက်ပိုင်းကာလတွင် ကုန်စည်နှင့် မော်တော်ယာဉ်များ များပြားလာပါက ကားကူးဇက်ရေယာဉ် ၂ စင်းဖြင့် ပုံမှန်အချိန်တိုင်း ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲရုံးမှ သိရသည်။
အဆိုပါ ကားကူးဇက်ယာဉ်လမ်း၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း မော်တော်ယာဉ်များ အသွားအလာပိတ်ထားမှုကြောင့် ကားကူးဇက်ယာဉ် ၁ စင်းဖြင့်သာ တစ်ရက်လျှင် ၆ ခေါက် မှ ၉ ခေါက် အထိသာ ပြေးဆွဲခဲ့ရကြောင်း၊ ယခုအခါ နေ့စဉ် နံနက် ၆ နာရီခွဲမှ ည ၇ နာရီအချိန်ထိ အသွား ၉ ခေါက်၊ အပြန် ၉ ခေါက်နှုန်းဖြင့် ပြေးဆွဲပေးရာတွင် မော်တော်ယာဉ် အစီးရေ ၂၅၀ ကျော်ခန့် ပို့ဆောင်ပေးခဲ့ကြောင်း၊ မော်တော်ယာဉ် သွားလာမှုများပြားလာပါက ယခင်ပုံမှန်ပြေးဆွဲနေသော ကားကူးဇက်ယာဉ် ၂ စင်းဖြင့် ပြန်လည်ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက်နေ့၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံနေရာများမှ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ သယ်ယူပို့ဆောင်ရာ၌ ကမ်းနားလမ်း (ကွန်ကရစ်လမ်းမကြီး)အား ဖြတ်သန်း အသုံးပြုမည် ဖြစ်သဖြင့် နိုဝင်ဘာ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ မှ နိုဝင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီထိ ကမ်းနားလမ်း(ကွန်ကရစ်လမ်းမကြီး)အား အနောက်ဘက်ကမ်းနား ကွန်ကရစ်လမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းဆုံမှ အရှေ့ဘက် ပန်းဆိုးတန်းလမ်းဆုံကြားတွင် လမ်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းနှင် နေသူများအနေဖြင့် ခေတ္တလမ်းပိတ်ထားစဉ် ကာလအတွင်း အခြားသင့်လျော်သော လမ်းများမှ မောင်းနှင် သွားလာကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ မှ အသိပေးနှိုးဆော် ထားကြောင်းသိရသည်။
ထို့ကြောင့် ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက်ယာဉ်လမ်းအား နိုဝင်ဘာလ ၈ ရက်နေ့တွင် နံနက် ၆ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ နှင့် ၉ ရက်နေ့တွင် နေ့လည် ၁၂ နာရီမှ ည ၇ နာရီအချိန်ထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် ကုန်စည်နှင့် မော်တော်ယာဉ် သွားလာမှုအခြေအနေပေါ်မူတည်၍ ပုံမှန်အခေါက်ရေအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရန်ကုန်(ဝါးတန်း)-ဒလ ကားကူးဇက်ယာဉ်လမ်း၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပုံမှန် ခေါက်ရေထက်လျှော့ချပြီး ကုန်စည်များ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး နှင့် မော်တော်ယာဉ်များ သွားလာမှု အခြေအနေပေါ်မူတည်ပြီး ရပ်နားခြင်းမရှိဘဲ ကူးတို့ပြေးဆွဲပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလများက ကားကူးဇက်ယာဉ် (၂)စီးဖြင့် အသွား ၈ ခေါက်၊ အပြန် ၈ ခေါက်၊ စုစုပေါင်း ၁၆ ခေါက် ဖြင့် နေ့စဉ် မော်တော်ယာဉ် အစီးရေ ၅၀၀ ကျော် နှင့် ကုန်စည် ၉၀ တန်ခန့် နေ့စဉ် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)