မိုးကောင်း မေ ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် သမဝါယမအသင်းစု(လီမီတက်)၏ တန်(၂၀)ကျ “ရွှေအိုးစည်”ဆန်စက်ဖွင့်လှစ်ပွဲကို ယနေ့နေ့လယ်(၂)နာရီတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကအဖွင့်အမှာစကားပြောကြားပြီး မိုးကောင်းမြို့နယ်သမအသင်းစု(လီမီတက်)ဥက္ကဋ္ဌ ဦးမိုးကျော်သူမှ တန်(၂၀)ကျ ဆန်စက်ထူထောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ရွှေအိုးစည်ဆန်စက်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်းနန်နှင့်အတူ သယံဇာတရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်မင်းခိုင်တို့ကဖဲကြိုးဖြတ်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆန်စက်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှုအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။
မြို့နယ်သမဝါယမအသင်းစု(လီမီတက်)အနေဖြင့် အဆိုပါတန်(၂၀)ကျ “ရွှေအိုးစည်”ဆန်စက် ဖွင့်လှစ်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လိုအပ်ချက်ဖြစ်သည့် အသင်းသားတောင်သူ လယ်သမားတစ်ဦးချင်းစီအလိုက် စပါးမှဆန်အဖြစ်ကြိတ်ခွဲရေး လုပ်ငန်းများအဆင်ပြေရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး စပါးစိုက်တောင်သူများအား စပါးကိုအချိန်မီကြိတ်ခွဲပေးခြင်းမှ ရရှိလာသောဆန်များကို ဈေးကွက်ရှာဖွေပေးခြင်းနှင့်သက်သာသောနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)