ရန်ကုန် မေ ၁၉
သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ရှိ မြို့မဈေး၊ ဈေးသူ၊ ဈေးသားများ စုပေါင်းလှူဒါန်းခဲ့သော ကြေးသွန်းမဟာမုနိ တန်ဆောင်းတော်ကြီးပြုပြင်ရေး ညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီတွင် သန်လျင်မြို့ မြို့မဈေးကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ခေါက်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်က ယခင်မြို့မဈေးသူဈေးသားများ စုပေါင်းလှူဒါန်းခဲ့သည့် တန်ဆောင်းတော်ကြီးအား အစဉ်အလာမပျက် ထိန်းသိမ်းပြုပြင်သွားနိုင်ရေး၊ အလှူငွေရရှိရေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဈေးသူဈေးသားများ၏ ထည့်ဝင်လှူဒါန်းမှုများဖြင့် အချိန်မီပြီးစီးရေး ဝိုင်းဝန်းလှူဒါန်းပေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တည်ဆောက်ရေးအဖွဲ့ဘဏ္ဍာရေးမှူး ဦးဌေးဝင်း (နီလာမင်းရွှေဆိုင်) နှင့် တွဲဘက်ဘဏ္ဍာရေးမှုး ဒေါ်ခင်စန်းမြင့် (ဒေါ်သန်းရွှေအထည်ဆိုင်) တို့က အလှူငွေရရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်း အခြေအနေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသော ဈေးသူ၊ ဈေးသားများက အကြံပြုဆွေးနွေးကြသည်။ ယင်းနောက် ကြေးသွန်းတန်ဆောင်းတော်ကြီး ပြုပြင်နိုင်ရန် ဦးတင်မြ+ဒေါ်ခင်မိမိကျော် မိသားစုက ကျပ် (၅၀၀၀၀၀ိ/-) ၊ ဒေါ်ကြင်နှင့်သမီးများက ကျပ် (၅၀၀၀၀၀ိ/-) ၊ဦးသန်းလွင်+ဒေါ်ခင်လေး (တတိယအကြိမ်လှူဒါန်းခြင်း) ကျပ် (၂၁၀၀၀၀ိ/-)၊ ဒေါ်ရင်စီမိသားစုက ကျပ် (၂၀၀၀၀၀ိ/-) ၊ မြင့်မိုရ်ဦးရွှေဆိုင်က ကျပ် (၅၀၀၀၀ိ/-) ထက်လင်းရွှေဆိုင်က ကျပ် (၂၀၀၀၀ိ/-) ပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာရေးမှူး ဦးဌေးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ ပါဝင်ကုသိုလ်ပြု လှူဒါန်းလိုသူများအနေဖြင့် ၀၉၅၀၁၅၀၂၁၊ ၀၉၅၀၅၉၅၃၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက် )