တာချီလိတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဝန်းအတွင်းသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီက အ.ထ.က(ဆန်ဆိုင်း)ကျောင်းနှင့် အ.ထ.က(တာချီလိတ်)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသူရဇော်လွင်စိုး ဦးဆောင်သောနယ်မြေခံတပ်မတော်သားများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ဆရာမများ၊ စည်ပင်၊ ပြည်သူ့စစ်၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေမြောင်းများအတွင်းအမှိုက်များနှင့် ရေဝပ်ရေကျန်များရှင်းလင်းခြင်း၊ စာသင်ခန်းအတွင်းသန့်ရှင်းခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တာချီလိတ်မြို့နယ်အတွင်း အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိပြီးကျန်ရှိနေသည့် အခြေခံပညာကျောင်းများသို့ စုပေါင်းသန့်ရှင်းခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)