ပုဇွန်တောင် မေ ၁၉
နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၂) လရာသီပွဲတော်များအနက် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေးဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့်စပ်လျဉ်းသည့် အမှတ်တရနေ့ထူးနေ့မြတ်၊ မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇) ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကဆုန်လပြည့်နေ့ မေလ ၂၂ ရက်နေ့ နံနက် ၅ နာရီတွင် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ စေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊ မုန့်၊ သစ်သီးများ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော် အရှင်သူမြတ် (၃၂) ပါးအား အရုဏ်ဆွမ်းဆပ်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ စေတီတော်မြတ်ကြီးအတွင်းရှိ ဗောဓိညောင်ပင်အား ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ ဦးစွာ ညောင်ရေသွန်းလောင်းပြီးနောက် ရွှေဘုန်းပွင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များမှ ညောင်ရေသွန်းလောင်းကြမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများလည်း ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်အား ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ရွှေဘုန်းပွင့်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အသိပေးနှိုးဆော်ထားကြောင်း သတင်းရသည်။
ဟန်စုယဉ်