နောင်မွန်မြို့နယ်၌ မဲရုံများတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ လာရောက်ဆန္ဒမဲပေး

နောင်မွန်    နိုဝင်ဘာ   ၈

ပူတာအိုခရိုင် နောင်မွန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ(၈)ရက်က ကျင်းပလျက်ရှိရာ ပူတာအိုခရိုင် နောင်မွန်မြို့နယ်အတွင်း မဲဆန္ဒရှင်များသည် ဆန္ဒမဲများကို သက်ဆိုင်ရာ မဲဆန္ဒရုံသို့ လာရောက်၍အေးချမ်းစွာဆန္ဒမဲများကို ပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆန္ဒမဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲရုံအတွင်းသို့ ဝင်ရောက်မဲမပေးမီ မဲဆန္ဒရှင်ပြည်သူများအား နှာခေါင်းစည်းများ ဝေငှခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်များဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ နေရာယူစေခြင်းတို့ဖြင့် စနစ်တကျ ဆန္ဒမဲများကို အေးချမ်းစွာပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင်နောင်မွန်မြို့နယ်၌ ဆန္ဒမဲပေးရန် မဲဆန္ဒရှင် (၄၉၈၈)ဦးရှိပြီး မဲရုံ(၂၅)ရုံ ရှိကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)