မုဒုံမြို့၌ (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲစတင်ဖြေဆို

မုဒုံ  မေ  ၁၉

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပညာရေးအဖွဲ့ငယ်)မှ ကြီးမှူးကျင်းပသော (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိစာဖြေဌာန (၄)ခုတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။

စာမေးပွဲဖြေဆိုရာတွင် မုဒုံမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏနှင့် ဆရာတော်ကြီး (၁၄)ပါးမှ ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ် (ပထမနေ့)တွင် စာရင်းရှိ(၂၈၂) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၂၅၉) ဦးရှိကာ ပျက်ကွက် (၂၃) ဦးရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို (၃)ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်၊ မြန်မာစာဘာသာရပ်၊ အဘိဓမ္မာဘာသာရပ်များကို ရပ်ကွက်/ကျေးရွာများရှိကျောင်းသား/သူများမှ နေ့အလိုက် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)