သထုံ မေ ၁
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကျင်းပပေးခဲ့သည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြိုင်ပွဲများ ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသူကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး ဆွေးနွေးအမှာစကားပြောကြားပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်းက ဆုများစိစစ်ရွေးချယ် ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကဲဖြတ်ဒိုင်အဖွဲ့တို့က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲများမှ အကောင်းဆုံးယှဉ်ပြိုင်နိုင်သူတို့အား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မေလ ၁၆ ရက်နေ့က ကျင်းပပေးခဲ့ပြီး မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦးတို့ကပြိုင်ပွဲခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)