မန္တလေး မေ ၁၉
အထက်မြန်မာနိုင်ငံရှိ ကိုယ်ပိုင်ကျောင်းများနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ဆရာမများအား ပုဂ္ဂလိက ဆရာအတတ်ပညာသင် လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ်၊ဘွဲ့ နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ ထို့နောက် ကိုယ်ပိုင်ကျောင်းနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းတို့မှ သင်တန်းသားတစ်ဦးစီက ကျေးဇူးတင်စကားပြောကြားကြပြီး ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အခမ်းအနားသို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်မြတ်သော်၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဒုတိယ ပါမာက္ခချုပ်များဖြစ်ကြသော ဒေါက်တာချိုကြည်သန်းနှင့် ဒေါက်တာခင်နှင်းရည်၊ သင်ကြား/စီမံဆရာ၊ ဆရာမများ၊ မန္တလေးတိုင်းဒေသကြီးကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်မြသွေးရည်နှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများအသင်း ဒုတိယဥက္ကဋ္ဌ ဦးပြည်စိုးနှင့် အလုပ်အမှုဆောင်များ၊ ကိုယ်ပိုင်ကျောင်းများမှ တည်ထောင်သူများ၊ အုပ်ချုပ်သူများ၊ အထက်မြန်မာနိုင်ငံရှိ ကိုယ်ပိုင်ကျာင်းနှင့် နိုင်ငံတကာကျောင်းအသီးသီးမှ အထက်တန်းအဆင့်သင် ဆရာ၊ဆရာမ သင်တန်းသားများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို ဧပြီလ(၂၃)ရက်မှ မေလ (၁၈) ရက်နေ့အထိ သင်တန်းကာလ (၂၃)ရက် ပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၀၅၀)ဦးဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)