ကျောက်ဆည် မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် အခြေခံသမဝါယမသင်းသားတောင်သူများ ပူးပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးများကို တောင်ပလူကျေးရွာမှ အခြေခံသမဝါယမအသင်းသားတောင်သူ (၃၁) ဦးမှ (၁၅၂) ဧက၊ အရှေ့ရွာနန်းကျေးရွာ အခြေခံသမဝါယမအသင်းသားတောင်သူ (၁၈) ဦးမှ (၈၆) ဧက၊ ပုထိုးနီကျေးရွာမှ အခြေခံသမဝါယမအသင်းသားတောင်သူ (၃၀) ဦးမှ (၁၅၀) ဧက၊ ပင်တလည်ကျေးရွာမှ အခြေခံသမဝါယမအသင်းသားတောင်သူ (၄) ဦးမှ (၃၀) ဧက စိုက်ပျိုးထားကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
စပါးသီးနှံများစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ စပါးစိုက်ပျိုးသည့် အခြေခံသဝါယမအသင်းသား တောင်သူများအား စပါးတစ်ဧကတွင် ငွေကျပ် (၂) သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများ ရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်