ကျောက်တံခါး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ကျောင်း ဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း) ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ညောင်လေးပင်ခရိုင်ပညာရေးမှူး ဦးညွန့်ဝေက လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်ဆွေးနွေးသည်။ ဆက်လက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း (THS) တောင်ငူနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျေင်း (THS) ပဲခူးမှ ကျောင်းအုပ်ဆရာကြီးများက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်တို့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း ဆောင်ရွက်ထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်းရှင်လင်းဖြေကြားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ညောင်လေးပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညောင်လေးပင်ခရိုင် ပညာရေးမှူး၊ တောင်ငူမြို့နှင် ပဲခူးမြို့တို့မှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း ကျောင်းအုပ်ကြီးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ စိတ်ပါဝင်စားသူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)