ကျောက်မဲမြို့နယ်တွင် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျောက်မဲ မေ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက‌ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့အဝင်မုဒ်ဦးအနီး  ပင်လုံလမ်းဘေးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦး‌အောင်မြင့်ဦး၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုး၊ သစ်တောဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း/ပလောင်စာ‌ပေယဥ်ကျေးမှုအဖွဲ့များ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မဟော်ဂနီ၊ ခါတော်မီနှင့် ချယ်ရီစုစုပေါင်း အပင် ၃၀၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)