မွန်ပြည်နယ်ဝန်ကြီးချုပ် မုဒုံမြို့နယ်အတွင်း မိုးရာသီလူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေး

မုဒုံ မေ ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီလူထုဖြန့်ပျိုးပင်များ စနစ်တကပျိုးထောင်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

မုဒုံမြို့နယ်တွင် သဘာဝသစ်တောများ ဖြုန်းတီးမှုမရှိစေရေး၊ သစ်တောဖြုန်းတီးမှုကိုလျော့ချနိုင်ရေးတို့ကို အ​ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်အတွက် အရိပ်ရပျိုးပင်များဖြစ်သည့် ကျွန်း(၂၀၀၀)၊ ပျဥ်းကတိုး (၂၀၀၀)၊ မဟော်ဂနီ (၅၀၀၀)၊ မန်ဂျန်ရှား (၈၀၀၀)၊ အော်ရေရှား(၈၀၀၀)၊ စိန်ပန်းကြီး (၁၀၀၀)၊ ပျဥ်းမ (၆၀၀၀)၊ ရေတမာ (၁၀၀၀)၊ ခရေ (၅၀၀)၊ ကံကော် (၅၀၀)၊ သင်္ကန်း (၁၀၀၀) စုစုပေါင်း အရိပ်ရပျိုးပင် ၃၅၀၀၀ ပျိုးထောင်ထားရှိမှုအခြေအနေ၊ မိုးရာသီတွင် စိုက်ပျိုးမည့်အခြေအနေတို့နှင့်ပက်သက်၍ ပြည်နယ်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးသူက ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျိုးခင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး သစ်တောစိုက်ခင်းများထူထောင်၍ အစားထိုးသစ်ပင်များ ပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းကို အများပြည်သူအားလုံး ပူးပေါင်းပါဝင်စိုက်ပျိုးနိုင်​ရေး ​ဆောင်ရွက်​ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့်​တွေ့ဆုံ၍ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)