ကျောက်ပန်တောင်း မေ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့သည် မြန်မာပြည်အလယ်ပိုင်း အညာမြေ၏ အိုအေစစ်ဟု တင်စား ခေါ်ဆိုကြသည့်၊ အမြင့်ပေ ၄၉၈၁ ပေမြင့်သည့် ပုပ္ပားတောင်မကြီး၏ အရိပ်အာဝသတွင် အမြင့် ပေ ၂၀/၂၅ ပေခန့်မြင့် သည့် ထန်းပင်/ထန်းတောကြီးများ ပတ်လည်ဝိုင်းလျက်ရှိပြီး တည်ငြိမ်အေးချမ်းစွာ လှပနေသည့် အညာမြို့လေးတစ်မြို့ဖြစ်ပါသည်။ အဆိုပါ ထန်းပင်/ထန်းတောကြီးများဖြင့် လှပတင့်တယ်ခဲ့သည့် ကျောက်ပန်းတောင်းမြို့ကလေးတွင် ယခင်က အညာထန်းလျက်ကို ဧည့်လာဆောင်လာ ရိုးရာစားစရာတစ်ခုအဖြစ် မြို့ခံ/ရွာခံများက ဝမ်းပန်းတသာ ဧည့်ခံကျွေးမွေးခဲ့ကြသလို၊ အခြားမြို့ရွာများမှလည်း အညာထန်းလျက်ကို တကူးတက၊ တမ်းတမှာယူ စားသုံးကြခဲ့ကြရပါသည်။ ယခုအခါတွင် ထန်းလျက်ကို ပြည်တွင်းစားသုံးမှု နည်းလာသလို မုန့်လုပ်ငန်းများတွင်လည်း ထန်းလျက်ထက် ဈေးပိုမိုသက်သာ၍ ပိုမိုရောင်းပန်းလှသည့် တရုတ်ဖြစ် သကြားများ ပြည်တွင်းဈေးကွက်သို့ ဈေးသက်သာစွာဖြင့် ဝင်ရောက် နရာယူလာသည်မှစ၍ ထန်းလျက်ဈေးကွက် ပျက်သလောက်ဖြစ်သွားပြီး၊ ဝင်ငွေနှင့်လုပ်အား မမျှတမှုများကြောင့် ထန်းလုပ်သားများ တစ်စတစ်စ ရှာပါးလာခြင်း၊ ထန်းပင်များ ခုတ်ထွင်ရောင်းချခြင်းများကြောင့် ထန်းလျက်ယဉ်ကျေးမှုပင် ပျောက်ကွယ်သလောက်ဖြစ်ခဲ့ရာမှ၊ ယခုအချိန်တွင် ထန်းလျက်ဈေးများ ပြန်လည်မြင့်တက်လျှက်ရှိကြောင်းနှင့် ဈေးကွက်ဝင် ကုန်စည်တစ်ခုအဖြစ် နေရာပြန်ရလာကြောင်း ကြားသိရသဖြင့် အညာအလှသဘာဝကို ချစ်သူမြတ်နိုးသူများအတွက် နှစ်လုံးစိတ်ဝမ်း အေးချမ်းဘွယ် ဖြစ်ရပြန်ပါသည်။
သို့ရာတွင် ခေတ်၏တိုးတက်ပြောင်းလဲမှုများနှင့်အတူ ကျောက်ပန်းတောင်းမြို့လေးသည်လည်း ရိုးရာစားစရာ ထန်းလျက်နေရာတွင် အာလူးကြော်တို့ အစားထိုးဝင်ရောက်လာခဲ့ပြီး၊ အာလူးကြော်နှင့်အတူ ယခုအခါ မြို့၏ သင်္ကေတပြယုဒ်အဖြစ်၊ အစာပြေစားစရာတစ်ခုမှာ မြန်မာ့ရိုးရာ မုန့်ပျားသလက် ဖြစ်ပါသည်။ မုန့်ပျားသလက်ကို ရှေးယခင်က ဆန်မကြမ်း/မနုကို အမှုန့်ကြိတ်ထားသည့် ဆန်မှုန့်၊ ဆိုဒါအနည်းငယ်၊ ရေနွေး၊ ဆားအနည်းငယ်ဖြင့် မြေအိုးတွင်ဖျော်၍ အသင့်ပြင်ဆင်ပြီးသည့် မီးဖိုပေါ်ရှိ မြေအိုးခင်းပြန့်(အိုးကင်း)ထဲသို့ ဝါးရိုးတတ် အုန်းမုတ်ခွက်ငယ်ဖြင့် ခတ်၍ထည့်ကာ ပြုလုပ်ကြခြင်းဖြစ်ပြီး၊ အဆိုပါ အိုးကင်း(အုပ်ဆောင်းပါမြေအိုးပြန့်)ထဲမှ မုန့်ရည်ပေါ်သို့ စားတော်ပဲပြုတ်(သို့မဟုတ်) ပဲလွန်းပြုတ်စေ့ အနည်းငယ်ဖြူးထည့်ကြသည်။ အချိုကြိုက်သူများအတွက် မုန့်ပြားသလက် ဆန့်မုန့်ရည်လောင်းထည့်ပြီးလျှင် အသင့်ဖျော်ပြီး ထန်းလျက်ရည်အနည်းငယ်ကို ထည့်၍ ပြုလုပ်ကြရပြီး၊ ကြက်ဥကြိုက်သူများအတွက် ကြက်ဥတစ်လုံးထည့်၍ ပြုလုပ်ပေးကြပါသည်။ မုန့်ကျက်လျှင် ထန်းခေါက်တောင်းအပေါ်တွင် တင်ထားသည့် ဇကာကွက်အကြဲပါသောဗန်းထဲသို့ အအေးခံထားရှိပြီး၊ ဖင်ခြေကပ် ခန့်သာရှိသော နှမ်းဆီပုလင်းထဲမှ နှမ်းဆီစစ်စစ်ကို၊ ဝါးတုတ်ချောင်း၏ထိပ်တွင် အဝတ်စ စည်းနှောင်ထားသော ဝါးတုတ်ချောင်းဖြင့်ယူကာ မုန့်ပြားသလက်၏ မျက်နှာပြင်ကို ခတ်ရွှဲရွှဲပွတ်၍ စားသုံးကြရခြင်းဖြစ်ပြီး၊ နှမ်းဆီနံ့ သင်းသင်းလေးဖြင့် အလွန်ပင် စား၍ကောင်းသော အစာပြေစားစရာ တစ်ခုဖြစ်ပါသည်။ ထိုစဉ်က မုန့်ပျားသလက်နှင့် ပတ်သက်လျှင် စားတော်ပဲ/ပဲလွန်း မုန့်ပျားသလက်၊ ပဲမပါ(အလွတ်) မုန့်ပျားသလက်၊ ကြက်ဥမုန့်ပျားသလက်နှင့် ထန်းလျက်မုန့်ပျားသလက်ဟူ၍သာရှိပြီး၊ အားလုံးကို နှမ်းဆီမွှေးမွှေးလေးဖြင့်သာ မုန့်၏မျက်နှာပြင်ကို ပွတ်သပ်စားသုံးခဲ့ကြရသည်ကို အမှတ်ရမိပါသည်။
ယခုအခါတွင် အဆိုပါ မုန့်ပြားသလက်၏ မူရင်းမုန့်ဖျော်စပ်နည်းများမှာ ပြောင်းလဲခြင်းမရှိသော်လည်း၊ စားတော်ပဲ၊ ပဲလွန်းစေ့များနှင့်ပြုလုပ်၍ နှမ်းဆီစစ်စစ်ဖြင့် စားသုံးသည့်အလေ့အထမှာ ပျောက်ကွယ်သွားသလောက်ရှိနေပြီဖြစ်ပါသည်။၊ မုန့်ပြားသလက်တွင် အားလူးကြော်၊ ကြက်ဥ၊ ငုံးဥ အစရှိသည်တို့အပြင် အသီးအနှံအချို့ (နံနံပင်၊ ဆူးပုတ်၊ ရုံးပတီ၊ ခရမ်းချဉ်သီး) ကို ထည့်၍ ပြုလုပ်ကြပြီး၊ တွဲဖက်စားစရာအဖြစ် မပါမဖြစ်ပါလာသည်မှာ အချဉ်ရည်နှင့် ဂေါ်ဖီဖြစ်ကြောင်း တွေ့ရှိရသည်။ ကျောက်ပန်းတောင်းမြို့တွင် လမ်းကြိုလမ်းကြား အတော်များများတွင် မုန့်ပျားသလက်ဆိုင်များ ရှိနေသလို၊ သူ့ဖောက်သည်နှင့်သူ ရောင်းချနေကြရသည်ကို တွေ့မြင်ရပြီး၊ မုန့်ပျားသလက်ပြုလုပ်ရမည့် မုန့်ရည်ဖျော်စပ်သည်မှာ အချိုးအစားအလိုက် ဖျော်စပ်နည်း အတူတူပငဖြစ်သော်လည်း၊ အချဉ်ရည် ဖျော်စပ်နည်းမှာ တစ်ဆိုင်နှင့်တစ်ဆိုင် ကွဲပြားကြကြောင်းသိရသည်။ အဆိုပါ အချဉ်ရည်ဖျော်စပ်မှုနှင့် ပတ်သက်၍ မန်ကျည်းသီးအဟောင်းကို အဓိကထား အသုံးပြုကြကြောင်းသိရပြီး၊ မန်ကျည်းသီး အဟောင်းမှာလည်း နှစ်ချို့မန်ကျည်း (သုံးနှစ်ခန့်လှောင်ထားသည်)ကို အသုံပြုကြကြောင်းနှင့် သို့မှသာ အချဉ်ဓာတ်ပါဝင်မှုနည်းပြီး၊ အချိုမှုန့်အသုံးရ နည်းမည်ဖြစ်ကြောင်းနှင့် အချဉ်ဓာတ်များပါက အချိုမှုန့်များများသုံးရသဖြင့် စားသုံးသူများ ကျန်းမာရေးထိခိုက်နိုင်မည်ဖြစ်ရာ၊ သုံးနှစ်ခန့်ထားသည့် နှစ်ချို့မန်ကျည်းကိုသာ အသုံးပြုကြောင်းနှင့် အဆိုပါမန်ကျည်းဖျော်ရည်တွင် ငရုပ်သီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်တို့ကို အချိုးကျရောစပ်ကာ ထောင်း၍ထည့်ခြင်းဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်ဖွယ်ဖြစ်အောင် စီမံကြရကြောင်း၊ ကျောက်ပန်းတောင်းမြို့၊ အရှေ့မြို့ရှောင်လမ်းရှိ အမွှာညီအကို မြန်မာ့ရိုးရာမုန့်ပျားသလက် ရောင်းချသူမှပြောပါသည်။ အချဉ်ရည်နှင့် တွဲဖက်စားသုံးဖွယ်ရာအဖြစ် ဂေါ်ဖီဖတ်များကို သေးသေးရှည်ရှည် အဖတ်လေးများဖြစ်အောင်၊ သင်္ဘောခြစ်ဖြင့်ခြစ်၍ ပန်းကန်ဖြင့် သတ်သတ်ထည့်ပေးရပြီး၊ မုန့်ပျားသလက် စားသုံးသူအတွက် မုန့်ပျားသလက်နှင့်အတူ ကတ်ကြေးအသေးတစ်ချောင်း၊ အချဉ်ရည်တစ်ခွက်၊ ဂေါ်ဖီတစ်ပန်းကန် ချပေးရပြီး၊ စားသုံးသူက မုန့်ပျားသလက်ကို မိမိစားချင်သည့်ပုံစံ ကတ်ကြေးဖြင့်ကိုက်ညှပ်၍ ဂေါ်ဖီကိုအချဉ်ရည်ပန်းကန်တွင် ထည့်၍ရောနယ်ကာ မုန့်ပျားသလက်ကို ၎င်းအချဉ်ရည်တွင်နှစ်၍ ဂေါ်ဖီကိုညှပ်ယူပြီး နှစ်ခြိုက်စွာ စားသုံးကြခြင်းဖြစ်ကြောင်းသိရသည်။ အချို့စားသုံးသူများမှာ မုန့်ပျားသလက်အပြင် အားလူကြော်ထုတ် သီးခြားဝယ်ယူ၍ အဆိုပါ အချဉ်ရည်ဖြင့်တို့ကာ အားပါးတရ စားသုံးကြသည်များလည်းရှိကြောင်း သိရသည်။
မည်သို့ပင်ဆိုစေ မုန့်ပျားသလက်သည် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာတစ်ခုဖြစ်သည့်အပြင်၊ ကျောက်ပန်းတောင်းမြို့လေး၏ ထင်ရှားသော အစာပြေစားစရာတစ်ခုအဖြစ်၊ ဧည့်လာဆောင်လာများအတွက် အလွယ်တကူဝယ်ယူ ဧည့်ဝတ်ပြုနိုင်သည့် စားသောက်ဖွယ်ရာတစ်ခုဖြစ်လာပြီး၊ တစ်မြို့လုံး၊ တစ်နယ်လုံး ကလေး၊ လူကြီး ကျား၊မ မရွေး နှစ်ခြိုက်စွာ စားသုံးနေကြသည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာ့ရိုးရာ မုန့်ပျားသလက်သည် တိမ်ကောပျောက်ကွယ် သွားခြင်းမရှိပဲ ကျောက်ပန်းတောင်းမြို့၏ အမှတ်လက္ခဏာ တစ်ခုအဖြစ် နိုင်ငံကျော်လာသည်မှာလည်း ဝမ်းမြောက်ဖွယ်ပင် ဖြစ်ပါကြောင်း ဂုဏ်ပြုရေး သားလိုက်ရပါသည်။
ကိုနေ(ကျောက်ပန်းတောင်း)