ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပ

ရန်ကုန် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းအချိန်က မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စသည်ဖြင့်အဆင့်သုံးဆင့်သတ်မှတ်၍ ရန်ကုန်မြို့ လသာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် (၃၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မွန်းလွဲ(၂)နာရီအချိန်တွင် ကာတွန်းပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် (၁၆၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြိုနယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ၂၀၂၄ခုနှစ် မေလ(၁၇)ရက်နှင့် မေလ(၁၈)ရက်နေ့များတွင်  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကွန်ပျူတာပန်းချီပြိုင်ပွဲနှင့်ပိုစတာပြိုင်ပွဲများကိုလည်း တက္ကသိုလ်များ လှိုင်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် လသာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)