ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေး

ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ရပ်ကွက် (၁၆) ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာရှိ မဲရုံပေါင်း(၁၂၈)ရုံ၌ မဲဆန္ဒရှင် ပြည်သူများ ယနေ့ နံနက် ၆ နာရီအချိန်က စတင်၍ ဆန္ဒမဲများ ပေးနေကြောင်း သိရသည်။

ထို့နောက် ဆန္ဒမဲလာရောက်ပေးကြသူများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မဲရုံအတွင်းနှင့် အပြင် ၊ အထွက် သတ်မှတ်နေရာများ အလိုက် စည်းများ တားပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်လာစေခြင်း ၊ မဲဆန္ဒရှင်ပြည်သူများအား မဲရုံအသီးသီးမှ တာဝန်ကျ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံလုံခြုံရေး တာဝန်ရှိသူ အသီးသီးတို့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နာမကျန်းသူ မဲဆန္ဒရှင်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီ၍ မဲပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၂၀)ရှိ​ပြီး မဲရုံပေါင်း (၁၂၈) ရုံ ဖွင့်လှစ်လျက်ရှိရာ မဲဆန္ဒရှင်ဦးရေ စုစုပေါင်း (၁၅၃၅၀၈) ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။    

နန်းရွှေကြည်(ပြန်/ဆက်)