ကျိုက်ထို မေ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Woman Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်း အဖြစ်စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း “စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ရှိန် မြှင့်တင်ရေးအဖြစ် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာပေမှတဆင့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Woman Club အမျိုးသမီးများအသင်းမှ အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်အလှအပ စသည့် ခေါင်းစဉ်များကို ကဏ္ဍအလိုက် အသီးသီး ဖတ်ကြားဆွေးနွေးရာ တက် ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် Woman Club အဖွဲ့ဝင်များအနေဖြင့် စာဖတ်ခြင်းဖြင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)