ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ မိုးစပါးရာသီပေါ် ဆန်းရင် (RS-CS) စီးပွားဖြစ် မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်

ပေါင် မေ ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီပေါ် ဆန်းရင် (RS-CS) စီးပွားဖြစ် မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို  ယနေ့ နံနက် (၁ဝ) နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦး‌ကျော်စွာလှိုင်က တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် RS မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ တောင်သူများကသိရှိလိုသည့် အ‌ကြောင်းအရာများကို မေးမြန်း‌ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က မိုးစပါးများ အထွက်နှုန်း တိုးမြင့်ရေး ဆွေးနွေးအမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပေါင်မြို့နယ်အတွင်း မိုးစပါး (RS-CS) မျိုးစေ့ထုတ်တောင်သူများ၏ စံပြ စိုက်ကွက် ဧက(၅၀) အတွက် ပေါ်ဆန်းရင် RS မျိုးသန့်မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း (၅၀)အား တောင်သူများအားပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)