ရွှေကူ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံများတွင် လာရောက်၍ဆန္ဒမဲများပေးလျက်ရှိသည်။
ရှေးဦးစွာ မဲရုံများတွင် သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ စောင့်ကြည့်လေ့လာသူများနှင့် တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် မဲပုံးအလွတ်ဖြစ်ကြောင်းပြသပြီး ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မဲဆန္ဒရှင်ပြည်သူများက မိမိနှစ်သက်သော ပါတီကိုယ်စားလှယ်လောင်း၏ ဆန္ဒမဲများကို လျှို့ဝှက်စွာ ဆန္ဒပြုခြင်းများ ပြုလုပ်ခဲ့သည်။
ရွှေကူမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ကောင်းမွန်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံပေါင်း ၅၄ ရုံကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိကာ မဲရုံ ဝန်ထမ်းပေါင်း ၁၀၂၀ ဦးအား တာဝန်ချထားဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅၆၈၈ ဦးရှိပြီး ဆန္ဒမဲပေးနိုင်သော မသန်စွမ်းဦးရေ ၁၈၉ ဦးရှိကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရွှေကူမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီအရေအတွက် (၇)ပါတီရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ ပြည်နယ်လွှတ်တော်-၁ (၅)ဦး၊ ပြည်နယ်လွှတ်တော်-၂ (၅)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)