မြောက်ဥက္ကလာပ မေ ၁၇
မူကြိုကလေးငယ်များ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းမွန်စွာ သင်ယူနိုင်စေရန်၊ အနာဂါတ်အတွက် အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ စကားဝါမူကြိုကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိ ဦးတင်ထွန်းဦးက တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာစွာ နေထိုင်ရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အခြေအနေအဖြစ်အရပ်နှင့် ကိုယ်ခန္ဓာအလေးချိန် စစ်ဆေးခြင်း၊ အရေပြားရောဂါ ရှိ/ မရှိ စစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောင်ရောဂါစသည့် သွားနှင့် ခံတွင်းကျန်းမာရေးအခြေအနေ၊ အမြင်အာရုံချို့ယွင်းခြင်း၊ မျက်စိ၊ နားရောဂါစသည့် ရောဂါအခြေအနေများ စစ်ဆေးခြင်း၊ နားပြည်ယိုခြင်း၊ နားလေးခြင်း ရှိ/မရှိ၊ အာသီးရောင်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ပင်းကြီးခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်း စသည့်ရောဂါများ၊ နှလုံးနှင့် အခြားရောဂါများ ရှိ/ မရှိစစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးတိုက်ကျွေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားကျန်းမာရေးဆရာဝန် ဦးစီးအရာရှိ ဦးတင်ထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မူကြိုကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် ကျောင်းဝန်းအတွင်း ခြင်များခိုအောင်းနိုင်သည့် နေရာများ၊ ရေစည်များအတွင်း အဘိတ်ဆေးခပ်ခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း အဘိတ်ဆေးခတ်ခြင်းကို နေ့ရက်အလိုက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)