ရန်ကုန် နိုဝင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း၌ မဲရုံပေါင်း ၁၈၂ ရုံအား ယနေ့ နံနက် ၆ နာရီက တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာဖြင့် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြင်တွေ့ရသည်။ ထို့အတူ မဲဆန္ဒရှင်ပြည်သူများ စည်းကမ်းရှိစွာဖြင့် စနစ်တကျ မဲပေးနိုင်ရေး၊ မဲရုံလုံခြုံရေးတို့အတွက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အထူးရဲများဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် စောင့်ကြပ် ကြည့်ရှုပေး လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်အတွင်း၌ မဲရုံပေါင်း ၁၈၂ ရုံဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၁၂၇၉၄၈ ဦး၊ တပ်မတော်သား မဲဆန္ဒရှင် ၁၀၄၆ ဦး၊ ကရင်မဲ ဆန္ဒရှင်၁၈၁၆ ဦး၊ ရခိုင်မဲဆန္ဒရှင် ၄၁၇ ဦး၊ မသန်စွမ် မဲဆန္ဒရှင် ၂၀၀ ကျော်ခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
နိုင်လင်းကျော်(ဒလ)