မြစ်ကြီးနား မေ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လတ်တလောနယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် ရွှေ့ပြောင်းနေထိုင်သူများအား အမိုး၊ အကာဖြင့် နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ မေ ၁၆ ရက် ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပလနစိန့်ဂျိုးဇက်စခန်းမှ နေရပ်အသီးသီးသို့ ရွှေ့ပြောင်းနေထိုင်ကြမည့် မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ပိတောက်မြိုင်ကျေးရွာရှိ စိန့်ဂျိူးဇက်စခန်း၌ အိမ်ထောင်စုများ၌တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလိုနေရပ်အသီးသီးတွင် အိုးအိမ်ပြန်လည်ထူထောင်ကြမည်ဖြစ်သည့်အတွက် ပြောင်းရွှေ့နေထိုင်စဉ်ကာလအတွင်း စားသောက်မှုအဆင်ပြေစေရေး လာရောက်ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် လိုအပ်ချက်၊ အခက်အခဲများကိုလည်း အတတ်နိုင်ဆုံးကူညီပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါစခန်းမှ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာတွင်းနှင့် (၁၀) မိုင်ကျေးရွာတို့ တွင် ၎င်းတို့အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၃၃၇ ဦးတို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီက ငွေကျပ် ၃၉၉၆၀၀၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း (၅၄) အိတ်ကိုလည်းကောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၉၁၇၀၀၀ တန်ဖိုးရှိ ဆီ (၅၄) ဘူး၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်ဖာများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ငွေကျပ် (၁၁၇၂၉၃၀၄) တန်ဖိုးရှိ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာ (၁) လစာ၊ ပြောင်းရွှေ့စရိတ် (၅၄၀၀၀၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် ရွေ့ပြောင်းနေထိုင်မည့်နေရာများတွင် ကူညီပံ့ပိုးပေးစေလိုသည့် လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သိက္ခာတော်ရဆရာက ဆုတောင်းဆက်ကပ်ကောင်းချီးတောင်းခံပေးမှုကို ခံယူခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်း ရပ်ကွက်အတွင်းရှိ မူရင်းနှစ်ခြင်းအသင်းတော် ကျမ်းစာကျောင်းဝင်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး ပလနကျေးရွာအုပ်စု၊ ပလန (၅) သဇင်မြိုင်ကျေးရွာ အတွင်း အသင်းတော်ပိုင် မြေဧရိယာပေါ်တွင် အိမ်ထောင်စု (၃၀) ခန့် နေထိုင်နိုင်ရေးအတွက် ဝါးကြမ်းခင်းနေအိမ်တန်းလျားများ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်များ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေး အမိုးသွပ်၊ မိုးကာလိပ်၊ ရေအိမ်သာ၊ ရေတွင်းနှင့် ရေချိုးကန်များ တည်ဆောက်နိုင်ရေးအတွက်အတွက် လိုအပ်လျက်ရှိသည့် ကုန်ကျစရိတ်အတွက် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် (၇၀) သိန်းကျော်နှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ်သိန်း (၃၀) တို့ဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)