သထုံ မေ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ် ပြိုင်ပွဲများပြုလုပ်ပေးခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက ပြိုင်ပွဲများ ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် ကျောင်းသူကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးသည်။
ယင်းနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၀)ဦးတို့က ပြိုင်ပွဲခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒိုင်အဖွဲ့ဝင်တို့က စိစစ်အကဲဖြတ်ကာ ဆုများရွေးချယ်ပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒိုင်အဖွဲ့ဝင် အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးအောင်ဆန်း၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်