မုဒုံမြို့နယ်တွင် သောက်သုံးရေခက်ခဲနေသည့် ပြည်သူများထံသောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

မုဒုံ မေ ၁၇

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သောက်သုံးရေ လိုအပ်ခက်ခဲနေသည့် ရပ်ကွက်/ ကျေးရွာ များထံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယမန်နေ့ကသွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။

ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် မုဒုံမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မြို့မ (၁) ရပ်ကွက်ရှိ အိမ်ခြေ (၈၀)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ

မြို့မ (၄) ရပ်ကွက်ရှိ အိမ်ခြေ (၉၅) အိမ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဝဲကလိကျေးရွာရှိ အိမ်ခြေ (၁၅၀) ရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများထံ သောက်ရေသန့်ဘူးကြီး (၂၀၀) ဘူးနှင့် သောက်သုံးရေဂါလန် ၄၅၀၀ ကို အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

မုဒုံမြို့နယ်တွင် အပူရှိန်မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေများ ပြတ်လပ်မှုမရှိ စေရေးအတွက် တာဝန်ရှိသူများနှင့် အရေးပေါ်လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက နေ့စဥ်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)