ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလားခရိုင်‌‌ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တာမွေ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် ၂၅ နှစ်အောက် အမျိုးသား၊အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏအားကစားကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာ၀န်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရှေးဦးစွာ နေ့လည်ပိုင်းအချိန်က အမျိုးသမီးဗိုလ်လုပွဲပြိုင်ပွဲအဖြစ် ကျောက်တံတားအသင်းနှင့် သင်္ဃန်းကျွန်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၁၁)ဂိုး ဂိုးမရှိဖြင့် ကျောက်တံတားခရိုင် အသင်းကလည်းကောင်း၊ ညနေပိုင်းအချိန်တွင် အမျိုးသားဗိုလ်လုပွဲပြိုင်ပွဲ မရမ်းကုန်းခရိုင်အသင်းနှင့် ဗိုလ်တထောင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ သုံးဂိုးနှစ်ဂိုးဖြင့် မရမ်းကုန်းခရိုင်အသင်းက လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပရာ အမျိုးသား/အမျိုးသမီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်နှင့် အတွင်းရေးမှူးတို့ကလည်းကောင်း၊ အမျိုးသမီးတတိယဆုရ ကမာရွတ်ခရိုင်အသင်း၊ အမျိုးသားတတိယဆုရ မင်္ဂလာဒုံခရိုင်အသင်း၊ အမျိုးသမီးဒုတိယဆုရ သင်္ဃန်းကျွန်းခရိုင်အသင်း၊ အမျိုးသားဒုတိယဆုရ ဗိုလ်တထောင်ခရိုင်အသင်း၊ အမျိုးသမီးပထမဆုရ ကျောက်တံတားခရိုင်အသင်းနှင့် အမျိုးသားပထမဆုရ မရမ်းကုန်းခရိုင်အသင်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၀န်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးပထမဆုရ ကျောက်တံတားခရိုင်အသင်းနှင့် အမျိုးသားပထမဆုရ မရမ်းကုန်းခရိုင်အသင်းတို့အား ငွေသားဆုများနှင့်ဆုဖလားတို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားသမားများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၄ ခုနှစ် မေ ၇ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပခဲ့ပြီး နေပြည်တော်တွင် ဇူလိုင် ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ယခုပြိုင်ပွဲမှအကောင်းဆုံး အားကစားသမားများကို စိစစ်ရွေးချယ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)