တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့် အညီ ပြည်သူများ ဆန္ဒမဲပေး

တိုက်ကြီး နိုဝင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု(၉၅)အုပ်စု တွင် မဲရုံပေါင်း(၂၁၆)ရုံကို ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး ဆန္ဒမဲပေးသူများအား ရှေးဦးစွာ မဲရုံမှူးမှ မဲရုံ စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲပေးကြရာတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာဖြင့် တန်းစီစောင့်ဆိုင်းစေပြီး ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်ထားခြင်း မရှိ သူများအား (Mask)များ၊ မျက်နှာကာ (Face Shield) များ ဖြန့်ဝေပေးခြင်း၊ မဲရုံအဝင်တွင်လည်း အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ဆေးစေခြင်းများကို တာဝန်ရှိသူ များက ဆောင်ရွက်ပေးလျက်ရှိသည်။
တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၅)အုပ်စု၌ မဲရုံပေါင်း(၂၁၆)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၁၂၅၇၂)ဦးရှိကာ ပြည်သူများက ဆန္ဒမဲများကို စိတ်ပါဝင်စားစွာ လာရောက် မဲပေးလျက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကလည်း မဲရုံများသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)