အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် အမြန်မီးရထား လမ်းချော်မှုဖြစ်ပွား

ကျိုက်ထို မေ ၁၇

အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်အမြန်ရထား စက်ခေါင်းအမှတ် (DF -2084) သည် ယမန်နေ့ နေ့လယ်ပိုင်းက ကျိုက်ထိုဘူတာနှင့် ကျိုက္ကသာဘူတာကြားတွင် လမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ် (၈၂) အစုန်‌ မော်လမြိုင်-ရန်ကုန် အမြန်ရထားသည် မေ ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မော်လမြိုင် ဘူတာမှမောင်းနှင်လာစဉ် နေ့လယ် (၁) နာရီအချိန်ခန့်တွင် ကျိုက်ထိုဘူတာနှင့် ကျိုက္ကသာဘူတာကြား ရထားလမ်း မိုင်တိုင်အမှတ် (၉၁/၅) နှင့် (၉၁/၁၁) အကြားအရောက်၌ ရထားစက်ခေါင်း ဘိုကီဘီး (၃) လုံးမှာ ရထားသံလမ်း ဝဲဘက်ဘေးသို့ လည်းကောင်း၊ ရိုးရိုးတန်းတွဲအမှတ်(၁)၏ရှေ့ ဘိုကီဘီး အမှတ်(၁)နှင့် အမှတ်(၂)တို့သည် ရထားသံလမ်းအတွင်းသို့ကျပြီး ရထားသံလမ်း လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 ရထားလမ်းချော်မှုဖြစ်ပွားသည့်နေရာသို့ အမှတ်(၂)ခြေမြန်တပ်ရင်းမှ ‌ဗိုလ်မှူး သန့်ဇော်ဝင်းနှင့် တပ်မတော်သားများ၊ ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းကြိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၁၅) ရထားရဲတပ်ဖွဲ့(ခွဲ) မော်လမြိုင်မှ ဒုရဲအုပ် ကျော်ဆွေဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး မြန်မာ့မီးရထားမှ လမ်းရှင်းလင်းခြင်းနှင့် ပြုပြင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)