မိုးညှင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် ညောင်ပင်ကြီးအမြစ်မှလှန်လဲကျ၍ စာကြည့်တိုက်ကျောင်းဆောင်ပျက်စီးမှုဖြစ်ပွား

မိုးညှင်း မေ ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မေလ (၁၆) ရက် နေ့လည် (၁၂) နာရီ (၄၅) မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက် ဥတ္တရာရာမဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်ကျောင်းဆောင်ပေါ်သို့သက်တမ်းရင့် ညောင်ပင်ကြီးအမြစ်မှလှန်လဲကျ၍ ကျောင်းဆောင်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပေ(၆၀)၊ ပေ (၄၀) သွပ်မိုး အုတ်ညှပ် နှစ်ထပ်စာကြည့်တိုက်အဆောက်အဦပေါ်သို့ သက်တမ်းရင့် ညောင်ပင်ကြီးလုံးပတ် (၁၀) ပေခန့်နှင့် အမြင့် (၄၅)ပေခန့်ရှိသည့်အပင်သည် အမြစ်မှလှန်လဲကျခဲ့သဖြင့် စာကြည့်တိုက်ကျောင်းဆောင် အဆောက်အဦပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အရပ်သားပြည်သူများက ဝိုင်းဝန်းကူညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ မိုးညှင်းမြို့နယ် နန်းမားမြို့ လယ်မှီးကျေးရွာအုပ်စုနှင့် နန်းမားကြီးကျေးရွာသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းမှ ဓာတ်တိုင် (၁၃) တိုင် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း