ပူတာအိုခရိုင်၌ ဟောပြောပွဲ၊စာဖတ်စွမ်းရည်၊ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကျင်းပြုလုပ်

ပူတာအို မေ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသားကျောင်းသူများ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နူတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို မေ (၁၆) ရက် နံနက် (၉) နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်အမှတ်ပေးစည်းမျဉ်းများကိုရှင်းလင်းပြောကြားပြီး “သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၁၉) ဦးတို့က ၁၃.၅.၂၀၂၄ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ အယ်ဒီတာ့အာဘော်မှ “အသိပညာပြည့်စုံကြွယ်ဝရေး စာကြည့်တိုက်များပျိုးထောင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း အဆင့်ကျောင်းသားကျောင်းသူ(၁၁)ဦးတို့က ညောင်ရေသွန်းပွဲတော်နှင့်ပတ်သက်သည့် ကဗျာများဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀) ဦးတို့က “ညောင်ရေ သွန်းပွဲတော်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာနှင့်အကဲဖြတ်အမှတ်ပေးဒိုင် ဆရာမများက စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အေးချမ်းသာယာပြည်မြန်မာဓာတ်ပုံပြပွဲ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)