မြစ်သား မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ပရိသတ်များအား လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ လူကူးသန်းရောင်းဝယ်ခြင်းတွင် အသုံးပြုသောနည်းလမ်းများအကြောင်းသိရှိစေရန်ရယ်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရှိ ဒေါ်သီတာအောင်က လူကုန်ကူးမှုဆိုသည်မှာ လူမှောင်ခိုမှု၊ လူကူးသန်းရောင်းဝယ်ခြင်းတွင် အသုံးပြုသောနည်းလမ်းများအကြောင်းနှင့် လူကုန်ကူးခြင်းဖြစ်စဉ်များတွင် သတိထားရမည့်အကြောင်းအရာမျာကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဒေါ်ဝါဝါမြင့် ဓာတ်ပုံကျွမ်းကျင်-၂မှ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ပုဒ်များဖြစ်သော လူကုန်ကူးမှုမှန်သမျှပူးပေါင်းဝိုင်းဝန်းဆန့်ကျင်ကြ”၊ “လူကုန်ကူးမှုပပျောက်ရေးဒို့တွေပါဝင်ကူညီပေး” ဆောင်ပုဒ်များကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှေ့တွင် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ဒေသတွင်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံပြပွဲကို တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက စိတ်ဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)